ပိတောက်ပွင့်ဆဲ လသာဆဲဝယ်
သြော့့်  ပိတောက်ဖန်ဝါ ၊ သာသနာ၌
မဟာဂရုဏာ ၊ ဓမ္မလမင်း
ထိန်ထိန်ဝင်း၏
ဥာဏ်လင်းထိရောက် ၊ အသိပေါက်က
ပိတောက်ပွင့်ဆဲ ၊ လသာဆဲပေ
ခပဲလူသူ ၊ ပူပူသမျှ
ငြိမ်းအေးမြလော့ ၊ လာကြ ရှုကြ
သန္ဒိဋ္ဌတည်း
ချစ်ရမုန်းရ ၊ ပြုံးငိုရနှင့်
ဖြစ်ရပျက်ပြန် ၊ ဝဲကို လွန်မည်
နတ်ဟန်ချစ်သူ ၊ ပျိုမျစ်မူနှင့်
ခုတူမကွဲ ၊ တစ်နေ့ လွဲအံ့
နွေမွဲမြူပြာ ၊ ကမ္ဗလာလျှင်
အဝိဇ္ဇာ သင်တိုင်း ၊ မင် မဝိုင်းပြီး
လွမ်းတိုင်း မျက်ရည် ၊ မဝဲရစ်သော်။
တက္ကသိုလ် ဘုန်းနိုင် ( ပိတောက်ပွင့်ဆဲ လသာဆဲဝယ် )
ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကျတော်အကြိုက်ဆုံးကဗျာတပုဒ်ပါ
အခုခေတ်ကာလဟာ ဆရာရဲ့ စကားနဲ့ပြောမယ်ဆိုရင် ပိတောက်လည်း မတုံးသေးသလို လလည်း မပုန်းသေးပါဘူး
ရွှေဝါရောင်ပိတောက်တွေဟာ ဝေဝေဆာဆာ လှိုင်လှိုင်ကြိုင်ကြိုင် ပွင့်ဖူးနေသလို ရွှေဝါရောင်သင်္ကန်းတွေ လွှမ်းခြုံထားတဲ့ သာသနာဟာ အမိမြန်မာမြေပေါ်မှာ ထွန်းလင်းတောက်ပနေပါတယ် လမင်းကြီးဟာ အေးမြတဲ့ အလင်းရောင်တွေ ပေးနေသလို ဗုဒ္ဓဘုရားရှင် အဆုံးအမ တရားဓမ္မတွေဟာလည်း လမင်းကြီးပမာ အမိမြေမှာ ကျင့်သုံးသူတွေကို အေးမြမှုတွေ ပေးနေပါတယ်
အခုလို သာသနာတော်ကြီး ထွန်းလင်းတောက်ပနေတဲ့ အချိန်အခါမျိုးမှာသာ ပညာဥာဏ်အားကောင်းပြီး သတိပဋ္ဌာန်အလုပ်တွေ လုပ်မည်ဆိုပါက ငြိမ်းအေးချမ်းသာသော ဘဝကို ရမည်မှာ အမှန်ပါဘဲ
တဏှာ၏ လှည့်စားမှုကြောင့် ချစ်ရခြင်း၊ မုန်းရခြင်း၊ ပျော်ရွှင်ရခြင်း၊ ငိုကြွေးရခြင်း စသဖြင့် ဒုက္ခဆင်းရဲတို့သည် ရေဝဲဂယက်ပမာ သံသရာတွင် အဖန်တလဲလဲ လှည့်လည်ဖြစ်ပျက်နေပါသည် သိုသော့် ယခုကာလတွင် အဖန်တလဲလဲ ဖြစ်ပျက်နေသော ထိုဒုက္ခဆင်းရဲတို့ကို ကုန်ဆုံးစေတော့မည် နတ်သမီးတမျှ ချောမောလှပပြီး ချစ်ရပါသော ချစ်သူပျိုနဲ့ ယခုမကွဲရပါသော်လည်း တစ်နေ့တွင် ခွဲရမည်မှာ အမှန်ပင် ဖြစ်ပါသည်
ကိလေသာမြူများ အုံ့ဆိုင်းနေသော လူလောကကြီးတွင် လွမ်းဆွတ်သတိရမိတိုင်း မျက်ရည်ကျရပါသော်လည်း ယခုအခါ မိမိမှာ အဝိဇ္ဇာတည်းဟူသော မသိမှု(မောဟ) လှည့်စားတိုင်း မျက်ရည်ပင် မဝဲတတ်ခဲ့တော့ပါ။
နားလည်သလို စကားပြေပြန်ထားတာမို့ အမှားများပါလာလျှင် ကျတော်၏ အမှားသာ ဖြစ်ပါကြောင်း။
