စောင့်မျှော်ရမည့် မနက်ဖြန်များ
အစိုးရအလုပ် order ကို စောင့်နေတယ်
တကယ်တော့ order က နေပြည်တော်က ထွက်ပေးပြီးသားပါ
တိုင်းရုံးက ထွက်မပေးသေးတာပါ
order မျှော်တဲ့ အကြောင်းအရင်းတွေလည်း ကိုယ့်မှာ ရှိတယ်
အဓိက ကတော့ ရွာမှာ GP မလုပ်ချင်ဘူး
ကျန်းမာရေးအသိုင်းအဝိုင်းတွေကတော့ ဆေးကုတာလို့ ပြောရင် ရိုင်းတယ်လို့ သတ်မှတ်ကြတယ်
GP ဆိုတာ ဆေးကုတာပါဘဲ
ရွာမှာ တစ်ရက်ပိုနေရရင် တစ်ရက် လူနာကြည့်ပေးရတယ်
လူနာတွေရဲ့ လွဲမှားနေတဲ့ ကျန်းမာရေးခံယူချက်တွေအောက်မှာ မလုပ်ချင်ဘဲနဲ့ လုပ်ပေးခဲ့ရတာတွေ ရှိတယ်
ရွာက လူတွေက ကျန်းမာရေးအသိတွေ အင်မတန် အားနည်းတယ်
ဘာဖြစ်ဖြစ် ဆေးထိုးရမှကို အဟုတ်ကြီးထင်နေကြတယ်
ခေါင်းမူးခေါင်းကိုက်တာကအစ ချောင်းဆိုးတာလောက်တောင် ဆေးထိုးပေးစေချင်တယ် စားဆေးလောက်ပေးရင် အထင်မကြီးကြဘူး
ကိုယ် အထင်သေးခံရမှာကို ဂရုမစိုက်ပါဘူး
GP လုပ်ရင် ပထမဆုံးကြည့်တာက လူနာအတွက်ပါဘဲ
လူနာက ဆေးထိုးပေးရမယ့် အခြေအနေမဟုတ်ပေမယ့် လူနာရှင်က ဇွတ်အတင်းခိုင်တဲ့အခါတွေမှာ safe ဖြစ်တဲ့ ဆေးတွေ ထိုးပေးခဲ့ရတယ်
အန္တရာယ်များတဲ့ steroid ဆေးတွေကို အတတ်နိုင်ဆုံး ရှောင်တယ်
steroid ဆေးတွေကို နတ်ဆေးလို့တောင် တင်စားခေါ်ကြတယ်
ဘာရောဂါလာလာ ခဏတော့ ယူသွားသလို့ ပျောက်တယ်
ဒါပေမယ့် side effect ကတော့ အတော်များတယ်
ရမ်းကုတစ်ချို့က steroid ဆေးတွေကို လှိုင်လှိုင်ကြီး သုံးနေကြတော့ စိတ်ပျက်မိတယ်
နောက်တစ်ချက်က အိမ်မှာ နေရတာ ငြီးငွေ့လာတယ်
first post ဆိုတော့ စိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ပေါ့
ဘယ်ဒေသကို တာဝန်ကျမလဲ
စားရေး၊ သောက်ရေးကအစ အဆင်ပြေပါ့မလား
ကျေးလက်ကျန်းမာရေးဌာန ( RHC ) လုပ်ငန်းတွေ ပြီးတော့ LHV, MW, PHS-1, PHS-2 တွေနဲ့ ပတ်သတ်ပြီး Management နဲ့ Administration အပိုင်းမှာရော နိုင်နင်းပါ့မလား
အခက်အခဲတွေ ဘယ်လောက်ရှိရှိ RHC မှာဘဲ HA ဖြစ်ချင်တယ် မြို့မ HA တော့ မဖြစ်ချင်ဘူး
ဒါက HA တိုင်းရဲ့ ဆန္ဒပါ
ဘယ်ဒေသမှာ တာဝန်ချပေးမယ်ဆိုတာကတော့ ကံတရားလို့ဘဲ ပြောရမယ်
ကိုယ့်မှာ ခံယူချက်တစ်ခုတော့ ရှိတယ်
မီးမရှိတဲ့ အရပ်မှာဘဲ လသာချင်တယ်
ရေရှားတဲ့ အရပ်မှာဘဲ မိုးရွာချင်တယ်
အဲဒီလိုဘဲ HA တစ်ယောက်ရဲ့ တန်ဖိုးကို သိတဲ့အရပ်မှာဘဲ တာဝန်ကျချင်တယ်
HA = Health Assistant ( လက်ထောက်ကျန်းမာရေးမှူး )
LHV = Lady Health Visitor ( အမျိုးသမီးကျန်းမာရေးဆရာမ )
MW = Midwife ( သားဖွားဆရာမ )
PHS-1 = Public Health Supervisor-1 ( ပြည့်သူ့ကျန်းမာရေးကြီးကြပ်-၁ )
PHS-2 = Public Health Supervisor-2 ( ပြည့်သူ့ကျန်းမာရေးကြီးကြပ်-၂ )
